Saturday, July 20, 2013

အလုပ်ရှင်များ စည်းကမ်းလိုက်နာစေလို

အလုပ်ရှင်များ စည်းကမ်းလိုက်နာစေလို နန်းလွင်နှင်းပွင့် | သောကြာနေ့၊ မေလ ၀၃ ရက် ၂၀၁၃ ခုနှစ် ၀၃ နာရီ ၁၂ မိနစ် အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန် ရန်ကုန်(မဇ္ဈိမ)။ ။ အလုပ်သမားများနှင့် အလုပ်ရှင်များအကြား အလုပ်ရှင်များစည်းကမ်း လိုက်နာမှု ရှိစေရန် အလုပ်သမားအများစုက စစ်ကိုင်းတိုင်း ပလိပ်မြို့ရှိ အောင်သိဒ္ဒိခန်းမတွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားတွင် တောင်းဆိုခဲ့ကြကြောင်း အခမ်းအနားသို့ တက်ရောက်ခဲ့သူ အလုပ်သမား အငြင်းပွားရေး ခုံသမာဓိ ကောင်စီမှ ဦးရဲနိုင်မိုးက မဇ္ဈိမသို့ ပြောသည်။ ၎င်းက “အခု ကျွန်တော်တို့ရဲ့ လက်ရှိ အလုပ်သမားကောင်စီရဲ့ ဆောင်ရွက်ချက်တွေအရ အလုပ်သမားနဲ့ အလုပ်ရှင်ကြားမှာ အငြင်းပွားမှု ကိစ္စတွေ ဖြစ်လို့ အလုပ်ရှင်က တခုခု မလိုက်နာဘူး ဆိုရင် ဘယ်လိုအရေးယူရ မယ်ဆိုတာ ဒီမှာ ပြဌာန်းထားတာ မရှိဘူး။ ဆုံးဖြတ်ချက်တွေ ချရုံက လွဲပြီး မလိုက်နာရင် အရေးယူမရဘူး” ဟုဆိုသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် အလုပ်သမားများ ခုံသမာဓိကောင်စီ၊ အလုပ်သမားကွန်ယက်၊ သင်္ဘောသား သမဂ္ဂများ အပါအ၀င် အခြားသော အလုပ်သမား အဖွဲ့အစည်းများနှင့် အနယ်နယ် အရပ်ရပ်တို့မှ အလုပ်သမားတို့ကို ကိုယ်စားပြုသော အလုပ်သမား ၂၀၀ကျော်တို့ စုစည်းကာ အထက်မြန်မာပြည် အလုပ်သမားများ စုစည်းရေးအဖြစ် စစ်ကိုင်းတိုင်း ပလိပ်မြို့ရှိ အောင်သိဒ္ဒိခန်းမတွင် ကျင်းပခဲ့သည်။ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ NGO များလည်း ပါဝင်တက်ရောက်ကြသည်။ အလုပ်သမားနေ့ အခမ်းအနားအဖြစ် ရန်ကုန်မြို့ရှိ သီရီမင်္ဂလာဈေးအနီး နန်းထိုက်တော်ဝင်တွင် အလုပ်သမား ၂၀၀၀ ခန့်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် အလုပ်သမားရေး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ၊ ILO မှ ဒုညွှန်ကြားရေးမှူး Mr.Gregory Vines ၊ အနယ်နယ် အရပ်ရပ်မှ အလုပ်သမားကိုယ်စားလှယ်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များတတ်ရောက်ကာ စာတမ်းများဖတ်ခြင်း ၊ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။ စုစည်းဆွေးနွေးကြရာတွင် အများစုထံမှ အငြင်းပွားမှု အပေါ် အလုပ်ရှင်တို့မှ မလိုက်နာမှုကို ပိုဆွေးနွေး ဖြစ်ခဲ့ သည်ဟု အလုပ်သမား ကွန်ယက်မှ မအိရွှေစင်ညွှန့်က ဆိုသည်။ ၎င်းက “ ဒီနှစ်ကတော့ အနယ်နယ် အရပ်ရပ်က အလုပ်သမားတွေ ကိုယ်တိုင်က ဦးဆောင် လုပ်ကြ တာပါ။ ကျွန်မတို့ အဖွဲ့အစည်းတွေက လာရောက်တက်ပြီး ဆွေးနွေးပေးတဲ့ သဘောပါပဲ ” ဟုရှင်းပြသည်။ အလုပ်သမားနှင့် အလုပ်ရှင်တို့ အငြင်းပွားမှုများတွင် အလုပ်ရှင်တို့ လိုက်နာမှု မရှိသည့်အပေါ် ဥပဒေပြင်ဆင်ရန် ခုံသမာဓိကောင်စီမှ ၀န်ကြီးဌာနများနှင့်ဆွေးနွေးမှုများ ပြုလုပ်ခြင်းကြောင့် အလုပ်သမားဆိုင်ရာဝန်ကြီးဌာနမှ ညွှန်ကြားချက်များ ရရှိထားသည်ဟု ဦးရဲနိုင်မိုး ကဆိုသည်။ ညွှန်ကြားချက်များအရ အလုပ်ရှင်ဖြစ်စေ၊အလုပ်သမား ဖြစ်စေ စည်းကမ်းချက်များကို မလိုက်နာလျှင် အလုပ်ရှင်နှင့် အလုပ်သမား ဥပဒေ စိစစ်ရေး ဌာနက တရားစွဲမည်ဖြစ်ပြီး ထပ်မံမလိုက်နာလျှင် ထောင်ဒဏ်၊ငွေဒဏ်များ ချမှတ်သွားမည် ဖြစ်သည်။ ဆက်လက်၍ ဦးရဲနိုင်မိုးက " နိုင်ငံတကာမှာ ဒီနေ့ကို အောင်မြင်ခဲ့တဲ့ အခမ်းအနား တစ်ခု အနေနဲ့ လုပ်ကြတာ၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာကတော့ အလုပ်ချိန်လျော့ပေါ့ရေး၊ လုပ်ခလစာတိုးမြှင့်ရေး၊နှင့် အလုပ်သမားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းရေးတွေမှာ အခက်အခဲတွေ ရှိနေသေးတယ်၊ အဲ့ဒါကြောင့် ကျွန်တော်တို့ လုပ်တာက အခမ်းအနားလို့ မဟုတ်ဘဲ ဖြစ်လာဖို့အတွက် လှုံ့ဆော်တာလိုမျိုးဖြစ်နေတယ် ” ဟု မှတ်ချက်ပြုသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (၀ါ) မေဒေး သည် ၁၈၉၄ ခုနှစ်တွင် အမေရိကန်နိုင်ငံ ၊ချီကာဂို မြို့ရှိ အလုပ်သမားများ က အလုပ်ချိန်လျော့ပေါ့ရေး၊လုပ်ခလစာတိုးမြှင့်ရေး အရေးတော်ပုံ၊ အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည့် နောက်ပိုင်းတွင် စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၈၀ နှင့် အထက်တို့က တစ်မျိုးသားလုံးဆိုင်ရာ အားလပ်ရက်ဟု အလုပ်သမားနေ့ကို သတ်မှတ်ကြသည်။

No comments:

Post a Comment